စိတ်ဝိညဉ်တွေအလဲအကွဲ | ရှိန်းသူအောင်
စိတ်သက်သာရာ ရလိုရငြားပေါ့
8 minutes 59 seconds
3 years ago
စိတ်ဝိညဉ်တွေအလဲအကွဲ | ရှိန်းသူအောင်
စိတ်ဝိဉာဉ်တွေ အလဲအကွဲ။
စည်းစိမ်ယစ်မူးနေတဲ့ မရှိခြင်းတရားတွေ အဖေ့ဂုတ်ပေါ်ခွစီးသလား ။ သားလည်းငယ်ငယ်က ခွစီးခဲ့တာပဲလေ။
အဲ့တုန်းက အဖေငိုတယ်နော် ။ကျနော်လည်းငိုတယ်။ သူများအိမ်ကို ကျနော်တီဗီသွားချောင်းကြည့်တယ်။
ဟိုကတံခါးအတင်းဆွဲပိတ်တယ်။ကျနော့်လက် ညပ်သွားတယ်။ ပြတ်ခါနီးကလေးပဲ။ အဖေငိုတယ်နော်။
သိပ်မကြာဖူး။ အဖေ တီဗီအစုတ်ကြီးထမ်းလာတယ်နော် ။ ကျနော့် လက်က သွေးတွေ ခုထိအဖေ့ဆီမှာစွန်းပေတုန်း။
အဖေ့နွားတွေက အသုံးမကျပါဘူး။ သူများစပါးခင်းထဲ ဝင်စားတယ်။ အဖေမရှိဘူး ။
အမေ့ကို ဟိုက တစ်ဆွေလုံးတစ်မျိုးလုံး လာဆဲကြတယ်နော်။ ကျနော် ငတုံးပါ ။ သူရဲဘောကြောင်ပါ။
ကျနော့်ကို အမေက တံခါးကြားထဲ ဖွက်ထားတယ်။ အမေ့လက်ထဲမှာ ဓါးမ တစ်လက်နဲ့။ ကျနော်အပြင်မထွက်ရဲခဲ့ဘူး။
မြောင်းကျိုမြောင်းကြား၊ ချောင်းကြိုချောင်းကြား။ အဲ့ဒီငါးရှဉ့်တွေ အဖေထောင်ဖမ်းတယ်။
အဲ့ဒီ ဂေါ်ကိုအဖေ မနက် ၄ နာရီအထိထိုးတယ်။ အမေမအိပ်ရဘူး။ အဖေ့ကိုထိုင်စောင့်ရတယ်။
၁ ပိဿာခွဲလောက်ရှိမယ်။ မင်းမနက် ရွာထဲထွက်ရောင်းကွာ။ အမေမငြင်းဖူးနော်။ ထွက်ရောင်းတယ်။
ကျနော် လူဆိုးနော် အဖေ။ ၄ တန်းအထိ အဖေ့ဂုတ်ပေါ်ကမဆင်းဘူး။ အမေက ကျနော့်ကိုအလိုမလိုက်ဖို့အဖေ့ကိုပြောတယ်။
အဖေ ကျနော့်ရွှေပန်းကို ငယ်ငယ်က ခဏခဏနမ်းတယ်လို့အမေက လူကြားထဲပြောတယ်။
ကျနော်သေအောင်ရှက်တာပဲ။ အဲ့ဒီ ချစ်ခြင်းမေတ္တာကို ကျနော့်ကွဲသွားတဲ့ ကျောက်ဒိုးလောက်တောင်ခေါင်းထဲမရှိခဲ့။
ပိုများတဲ့အဖေစားမဲ့ ထမင်းကြော်ပန်းကန် ကျနော်စားချင်ခဲ့တယ်။ အမေတုတ်နဲ့ရိုက်ကြွေးတယ်။ ကျနော်မကုန်ခဲ့ဘူး။
ပိုင်စိုးအောင်တို့ နေထူးအောင်တို့ ဆော့တဲ့ ဓာတ်ခဲနဲ့ပြိုင်ကားလေး သားလိုချင်တယ် အဖေ ။
အဖေဝယ်လာတယ်။ ဒါပေမယ့် ကုန်တင်ကုန်ချကား။ တစ်ခုခုနဲ့တိုက်မိရင် ကုန်တင်ကုန်ချပဲလုပ်နေတော့တာပဲ။
ရှင်က တုံးကိုတုံးတယ်။ အမေ အဖေ့ကိုဆူတယ်နော်။ အဖေမျက်ရည်ဝိုင်းနေတာအမေ သိတယ်နော်။
သားမသိဘူး။ အဲ့ဒီကားလှလှလေးရဲ့ဈေးနှုန်းကိုသားမသိဘူးနော်။
တစ်ရွာလုံးက ဘယ်မန်ကျည်းပင် အဖေမတက်ဖူးတာရှိလဲ။ ဘယ်မိုးတွင်းအဖေဖားရိုက်မထွက်ဖူးတာရှိလဲ။
ဘယ်လယ်ကွက်မှာ အဖေပိုက်မချဖူးတာရှိလဲ။ ဘယ်ချောင်းထဲမှာ အဖေ ငါးရှဉ့်မထောင်ဖူးတာရှိလဲ။
ကျနော် နေ့လည်ကတည်းက မိုးချုပ်တဲ့အထိရေကူးတယ်။ အိမ်ပြန်မလာဘူး။ တစ်ကိုယ်လုံးပြာနှမ်းလို့။
အဖေ ကျနော့်ကို အိမ်ရှေ့က ထင်းစည်းတစ်စည်းကုန်အောင်ရိုက်တယ်နော် ။ကျနော်မငိုဘူး။အဖေငိုတယ်။
ဘဲဥ ၂ လုံး၊ ပြား ၉၀ နဲ့ အဖေနဲ့အမေ ဘဝကို ဘယ်လိုစထူထောင်ကြလဲ ကျနော်မသိဘူး။
အဖေက အဲ့တုန်းက ခုလိုထိပ်ပြောင်ကြီးမဟုတ်ဘူးတဲ့။ ဆံပင်ထူတယ်။ ပါးသိုင်းမွှေးနဲ့။
တစ်ကိုယ်လုံး နုံးစော်ကိုအမြဲနံနေခဲ့တာပဲတဲ့။ အမေပြောတယ်။ ပြီးတော့ ရယ်လည်းရယ်တယ်။ ငိုလည်းငိုတယ်။
အဖေ အသက် ၁၀ နှစ်မှာ သူများအိမ်တကာလှည့်ရေထမ်းတယ်ပြောတယ်။ ကျနော် ၁၈ နှစ်အထိရေတစ်ထမ်းမနိုင်ဘူး။
သားရေအဖေ့နားလာပါဦးကွာ ဆိုပြီး ပါးကိုကိုင်လိုက်ရင် အဖေ့လက်တွေကကြမ်းထော်နေတာပဲ။ ကျွဲပုခုံးတွေထလို့။
မင့်အမေက မင်းကိုယ်ဝန်နဲ့တုန်းက ဖျက်ချမယ်တကဲကဲပဲ။ ငွေမရှိပဲ ကလေးမမွေးချင်ဘူးတဲ့ကွာ ။
ငါ ကောင်းကောင်းချောမော့ပြောဆိုရတာပေါ့။ အသက်တစ်ချောင်းကွ အသက်တစ်ချောင်းလို့။
ကျနော့်ကို ရှိန်းသူအောင်လို့ အမေကနာမည်မှည့်တယ်။ ၅ နှစ်ကွာတဲ့ ညီမလေးကို ပန်းအိထွေးတဲ့ ။
အဖေ့နာမည်ကိုခုထိ တစ်ရွာလုံးခေါ်ကြတယ်။ ထော်ကြီးတဲ့။ အဖေသိလား အဖေနာကျင်ရမှာကိုအဖေသိသေးရဲ့လား။
ဧက (၃၀) ပိုင်ဖို့ အဖေ အနှစ် ၃၀ ကျွန်ခံတယ်။ ဒဏ်ဖြစ်တဲ့အထိ အဖေ ကုန်ထမ်းတယ်။
အဖေတစ်ညလုံးကောင်းကောင်းအိပ်ရတဲ့ရက်တွေအမေခုထိလက်ချိုးရေပြနိုင်သေးတယ်။
အဖေနားထောင်တဲ့ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် အခွေတွေ ကျနော်ခွဲပစ်တယ်နော်။ အဖေမဆူဘူး။
သားတို့မိသားစုတွေရှိလာတဲ့အခါ လူတန်းစေ့နေနိုင်ရင် အဖေကျေနပ်ပါပြီ။ အဲ့ဒါအဖေ့ရဲ့ပျော်ရွှင်မှုပါပဲတဲ့။
ကျနော်ငိုပြီအဖေ။ ခုကျနော် ငိုပြီ။ အဖေ့ကို ရှေ့မှာထားပြီး ကျနော်ငိုရဲပြီ။
ဆင်းရဲတယ်ဆိုတာ ကြွားဖို့မဟုတ်ဘူးသား။ နာဖို့ ... အားတင်းဖို့ ...။ ဒါဟာ သေတွင်းတစ်ခုပဲ ။
ကျနော် ဟိန်းမင်းစိုးရဲ့ကျောက်ဒိုးကို ဆွဲယူလွှင့်ပစ်တယ်နော်။ သူ့မျက်လုံးကို သံဆစ်နဲ့ ပစ်တယ်နော်။
ကန်းမတတ်ပဲ။ ယောင်ကိုင်းလို့။ အဖေ့ကို ဒီကောင့်အဖေက ထိုးမယ်လုပ်တယ်နော်။ အဖေ ခြေသလုံးဖက်မတတ်ပဲ။
ကျနော့်ကို ငါးရှဉ့်ထောင်တဲ့ကောင်ရဲ့သားလို့ ရွာထဲကလူတွေကခေါ်တယ်။
အဖေ့ကိုကျနော် နှစ်နဲ့ချီပြီးစကားမပြောဖူး။ အဖေက ကျနော့်ကိုနှစ်နဲ့ချီပြီး မျှော်လင့်နေခဲ့တယ်။
သား မင်းအဖေက ငတုံးသိလား။ ခုထိ ဖုန်းနဲ့ message မပို့တတ်ဘူး တဲ့ အမေရယ်ကျဲကျဲပြောတယ်။
အဖေ့ရဲ့ပညာရေးဟာ သူငယ်တန်းမှာစပြီး သူငယ်တန်းမှာပဲဆုံးတာ အမေသိတယ်။ ကျနော်မသိဘူး။
ဒီစာလေးက ဘာရေးထားတာလဲ သား ဆိုပြီး လာဖတ်ပြခိုင်းရင် ကျနော်တယ်စိတ်မရှည်ခဲ့ဘူး။
မင်းအဖေလည်းကွာ ပြိတ္တာတစ်ကောင်လိုပါပဲ။ ခုအခြေအနေနဲ့အေးဆေးနေနိုင်ရဲ့သားနဲ့ ။သူများတွေပြောတယ်။
အဖေ ခုဆို ဆိုင်ကယ် ကယ်ရီဆွဲတယ်။ အဖေလယ်မလုပ်နိုင်တော့ဘူး။
......
Back to Episodes